မိုးရာသီမှာ ဆီးလမ်းကြောင်း ပိုးဝင်တာ အဖြစ်များသလား? ဘာတွေ သတိထားရမလဲ
ဆီးလမ်းကြောင်း ပိုးဝင်တာက တစ်နှစ်တာရဲ့ အချိန်မရွေးမှာ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အခုလို စိုစွတ်တဲ့ မိုးရာသီမှာ ဆီးလမ်းကြောင်း ပိုးဝင်တာက အဖြစ်များပါတယ်။ အထူးသဖြင့် မိန်းကလေးတွေမှာပေါ့။ ပုံမှန်အတိုင်းကတော့လည်း အမျိုးသားနဲ့ အမျိုးသမီးမှာ အမျိုးသမီးတွေက ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ ပိုများနေပါတယ်။
မိုးရာသီမှာက အခြားရာသီတွေထက် ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ ပိုများရတာက စိုထိုင်းထိုင်းနဲ့ စိုထိုင်းဆ များနေတဲ့ လေထုက ဆီးလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ နှစ်သက်တဲ့ ရာသီဥတု အခြေအနေ ဖြစ်နေတာကြောင့်ပါ။
ဆီးလမ်းကြောင်း ပိုးဝင်တယ်ဆိုတာက ဘက်တီးရီးယားတွေ ဆီးလမ်းကြောင်းထဲကို ဝင်သွားတာပါ။ ဆီးစွန့်ပြွန်ကနေတဆင့် ဆီးလမ်းကြောင်းထဲကို ရောက်သွားပြီး ဆီးလမ်းကြောင်းပိုးဝင်တာကို ခံစားရတာပါ။
ဆီးလမ်းကြောင်း ပိုးဝင်တာက သေချာ ဂရုမစိုက်မိဘူးဆိုရင်တော့ ဆီးပို့ပြွန်ဆီကနေ တဆင့် ကျောက်ကပ်ဆီ ရောက်ပြီး ကျောက်ကပ် ပျက်စီးတာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ဆီးလမ်းကြောင်း ပိုးဝင်တာကို မဖြစ်စေဖို့အတွက် ဘယ်လိုနည်းလေးတွေနဲ့ ကာကွယ်ပေးလို့ ရမလဲဆိုတာကို ဝေမျှ ပေးသွားပါမယ်။
မိုးရာသီမှာ ဆီးလမ်းကြောင်းပိုးဝင်တာက မဖြစ်ရအောင် ကာကွယ်ချင်တယ်ဆိုရင်တော့ အခုပြောပြပေးမယ့် အချက်လေးတွေက အသုံးတည့်မှာပါ။
- ရေလုံလုံလောက်လောက် သောက်ပါ - မိုးအေးချိန်မှာ ရေသောက်ဖြစ်နိုင်ခြေက နည်းပါတယ်။ ဒီလို ရေသောက်နည်းတာက ဆီးလမ်းကြောင်းထဲကို ဘက်တီးရီးယား ဝင်ရောက် ကူးစက်မှု ဖြစ်ပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ဆီးလမ်းကြောင်း ပိုးဝင်တာ မဖြစ်စေဖို့ ရေကို လုံလုံလောက်လောက် သောက်ပေးပါ။
- ဆီးကို အောင့်မထားပါနဲ့ - ဆီးအောင့်ထားတာက ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးကို အောင့်ထားတာမျိုး မလုပ်ပါနဲ့။
- အတွင်းခံတွေကို သေချာလေး အခြောက်ခံပါ - အတွင်းခံတွေကို သေချာလေး ခြောက်သွေ့အောင် လုပ်ပေးပါ။ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ အခြောက်ခံပြီး မီးပူတိုက်လို့ သိမ်းပါ။ စိုထိုင်းထိုင်း ဖြစ်နေတာမျိုးတွေကို မဝတ်ပါနဲ့။ ဒါတွေက ဆီးလမ်းကြောင်း ပိုးဝင်စေနိုင်လို့ပါ။
- အတွင်းခံကို လေဝင်လေထွက် ကောင်းအောင် ဝတ်ပေးပါ - အတွင်းခံ ကျပ်ကျပ်တွေ ဝတ်ဆင်တာက ဆီးလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အတွင်းခံတွေကို လေဝင်လေထွက်ကောင်းအောင် ဝတ်ဆင်ပေးပါ။
- တစ်ကိုယ်ရေ သန့်ရှင်း ဂရုစိုက်ပါ - တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာလေး ဂရုစိုက်ပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို မဖြစ်အောင် ကာကွယ်ပေးသလို မိုးရာသီရဲ့ အခြား ပြဿနာတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
- အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်ပေးပါ - အညစ်အကြေးစွန့်ပြီးတိုင်းမှာ သန့်ရှင်းရေး လုပ်ပေးမယ်ဆိုရင်တော့ အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ ပုံစံလေးတွေနဲ့ သန့်စင်ပေးပါ။ ဒီလို သန့်စင်ပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာကို ကာကွယ်ပေးနိုင်မှာပါ။
- အများသုံး အိမ်သာတွေကိုရှောင်ပါ - အများသုံး အိမ်သာတွေက ဆီးလမ်းကြောင်း ပိုးဝင်တာအပါအဝင် အမျိုးမျိုးသော ဆီးလမ်းကြောင်းပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အများသုံး အိမ်သာတွေကို ရှောင်ပါ။
ဒီအချက်တွေအပြင် အာဟာရ ပြည့်ဝအောင် စားတာ၊ အိပ်ရေး ဝဝအိပ်တာ၊ လိုအပ်တဲ့ လိုက်နာမှုလေးတွေကို လုပ်ဆောင်ပေးတာက မိုးတွင်းမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးသလို ဆီးလမ်းကြောင်း ပိုးဝင်တာကိုပါ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။
မွန်မွန်